
UK တက္ကသိုယ် တွေရဲ့ Bachelor of Engineering ကိုနမူနာယူပြီးပြောပြရမယ်ဆိုရင် သူတို့မှာ Degree အဆင့်ခွဲခြားပုံ နှစ်မျိုးရှိပါတယ်။ ပထမတစ်ခုကတော့ Bachelor of Engineering (Hons) Degree နဲ့ Ordinary (Standard) Degree ဆိုပြီးဖြစ်ပါတယ်။ အခြေခံအားဖြင့် Honours Degree ကို အဆင့်သတ်မှတ်ပေးပုံကတော့ ကျောင်းသား တစ်ယောက်က စာသင်နှစ်တစ်ခုလုံးရဲ့ ပျမ်းမျှရလဒ်က
၁။ ရလဒ်ရာခိုင်နှုန်း ၇၀ (70%) နဲ့အထက်ဆိုရင် (1st Class Honours) အဆင့် သတ်မှတ်ပါတယ်။
၂။ ရလဒ်ရာခိုင်နှုန်း ၆၀-၆၉ (60-69%) အတွင်းဆိုရင် (2:1 – 2nd Class Honours, Upper Division) အဆင့် သတ်မှတ်ပါတယ်။
၃။ ရလဒ်ရာခိုင်နှုန်း ၅၀-၅၉ (50-59%) အတွင်းဆိုရင် (2:2 – 2nd Class Honours, Lower Division) အဆင့် သတ်မှတ်ပါတယ်။
၎။ ရလဒ်ရာခိုင်နှုန်း ၄၀-၄၉ (40-49%) အတွင်းဆိုရင် (3rd Class) [Ordinary Standard Degree] အနေနဲ့ သတ်မှတ်ပါတယ်။
၅။ ရလဒ်ရာခိုင်နှုန်း ၃၉ နှင့် အောက် (39% and under) ဆိုရင်တော့ စာမေးပွဲအောင်ဖို့က on the margin လို့ပဲပြောနိုင်ပါတယ်။
အမှတ်စဉ် ၁၊၂၊၃ မှာပါဝင်တဲ့ ကျောင်းသား/သူ တွေကဆိုရင် BE (Hons) Degree အနေနဲ့ ရရှိနိုင်မှာဖြစ်ပြီး အမှတ်စဉ် ၄ မှာပါဝင်ပါက BE Degree ရရှိတယ်လို့ သတ်မှတ်ပါတယ်။
Credits သတ်မှတ်ချက်များကို ကြည့်ရမယ်ဆိုရင် ကျောင်းသားတစ်ယောက်က Honours degree ရဖို့အတွက် တက္ကသိုလ်/ကောလိပ်တစ်ခုခုကနေ 360 credits ရရှိဖို့လိုအပ်ပါတယ်။ စာသင်နှစ်တစ်နှစ်ကို အကြမ်းအားဖြင့် 120 credits ပေးရန်သတ်မှတ်လေ့ရှိပြီး သင်ကြားတဲ့ဘာသာရပ်ရဲ့ Exam, Assignment တွေကိုဖြေဆိုအောင်မြင်ရင် 120 credits ရရှိမှာဖြစ်ပါတယ်။ အချို့တက္ကသိုလ်၊ကောလိပ်တွေမှာတော့ သာမန် Degree အတွက်ဆိုရင် 300 credits သာရရှိဖို့လိုအပ်ပြီး final year project/Dissertation အတွက် 60 credits လို့သတ်မှတ်ပေးထားပါတယ်။ ပြောရမယ်ဆိုရင် နောက်ဆုံးနှစ်မှာ စာတမ်းတင်ပြီး ဖြေဆိုအောင်မြင်တယ်ဆိုရင် 360 credits ရပြီး Honours Degree အဖြစ်ပေးတာမျိုးဖြစ်ပါတယ်။ တက္ကသိုလ်အများစုကတော့ Degree ရဖို့အတွက် final year project/Dissertation ကိုမဖြစ်မနေတင်ရပါတယ်။
အချိန်အနေနဲ့ဆိုရင် Degree ရဖို့အတွက် အနည်းဆုံး ပညာသင်နှစ် သုံးနှစ်သင်ကြားရမှာဖြစ်ပါတယ်။ (1 year = 120 credits) သိထားသင့်တဲ့အချက်တစ်ခုကတော့ အချို့နိုင်ငံတွေမှာ တူညီတဲ့ Degree course တစ်ခုကိုပဲ လေးနှစ်အချိန်ယူတက်ရတာမျိုးတွေရှိပါတယ်။ သင်ကြားရတာကတော့ တူတူပါဘဲ။ ကွာခြားချက်က သူတို့နိုင်ငံနဲ့ ကိုယ့်နိုင်ငံ ကျောင်းပိတ်ရက် ဖွင့်ရက်တွေ မတူတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ UK ကကျောင်းပိတ်ရက်တွေကို ပုံမှန်အတိုင်းပိတ်ပေမဲ့ အခြားနိုင်ငံမှာဖွင့်ပေးတဲ့ ကျောင်းခွဲတွေမှာတော့ ကျောင်းမပိတ်ပဲ သင်ပေးလိုက်တဲ့အတွက် အချိန်ကိုချွေတာရာရောက်ပြီး ကျောင်းမြန်မြန်ပြီးကာ လုပ်ငန်းခွင်ကို စောစောဝင်နိုင်ဖို့ အထောက်အကူပြုပါတယ်။ အားသာချက် အားနည်းချက် အနည်းငယ်တော့ ရှိပါတယ်။ ၄ နှစ်အချိန်ယူပြီးသင်ရပေမယ့်လဲ အကျိုးဆုတ်ယုတ်တာမျိုးမရှိပါဘူး။ အချိန်အနည်းငယ်ပိုပေမယ့် ကိုယ်ကိုယ်တိုင် စူးစမ်းလေ့လာဖို့အတွက် အချိန်ပိုပေးထားတယ်လို့ သတ်မှတ်လို့ရပါတယ်။
နောက်ဆုံးတစ်ခုအနေနဲ့ ပြောရရင်တော့ Honour ရတာနဲ့မရတာ ဘယ်လိုအခွင့်အလမ်းရှိသလဲ ဆိုရင်တော့ အချို့ Master တို့ PhD တို့တက်ဖို့ကြိုးစားနေတဲ့သူဆိုရင် များသောအားဖြင့် (2:1) Second Class Honours, Upper Division လောက်ရထားဖို့ လိုအပ်ပါတယ်။ အဲလိုမဟုတ်ရင် Master/PhD တက်ဖို့အတွက် တက္ကသိုလ်နဲ့ ဘာသာရပ်အပေါ်လိုက်ပြီး စာမေးပွဲတစ်ခုထပ်ဖြေရတာမျိုးရှိနိုင်ပါတယ်။ လုပ်ငန်းခွင် အနေနဲ့ ပြောရင်တော့ အလုပ်လျှောက်တဲ့အခါမျိုးမှာ Honours ရထားတယ်ဆိုတော့ ကိုယ့်အတွက် ထောက်ခံချက်တစ်ခုအနေနဲ့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျနော့်အမြင်ကို ပြောရမယ်ဆိုရင် လုပ်ငန်းခွင်ထဲမှာတော့ အထောက်အကူသိပ်မဖြစ်လောက်ဖူးလို့ ထင်ပါတယ်။ လုပ်ငန်းခွင်အတွက်ကတော့ ကျွမ်းကျင်နားလည်မှုရှိဖို့နဲ့ ကိုယ်လေ့လာခဲ့တဲ့ပညာကို လက်တွေ့မှာ သင့်လျော်သလို ပြန်လည်အသုံးချနိုင်ဖို့က ပိုပြီးအဓိကကျတယ်လို့ ယူဆမိပါတယ်။
ဒါဆို Honour Degree အဆင့်သတ်မှတ်ပုံ၊ သင်ကြားရန်ကြာချိန်၊ Honour Degree ရရင်ဘယ်လိုအခွင့်အလမ်း ရလဲ ဆိုတာတွေကို အကြမ်းဖျင်းနားလည်လိမ့်မယ်လို့ ထင်ပါတယ်။ တက္ကသိုလ် တစ်ခုနဲ့ တစ်ခု စာသင်နှစ်ကြာချိန်၊ credit နဲ့ အဆင့်သတ်မှတ်ချက်တွေကတော့ အနည်းငယ်ကွဲနိုင်ပါတယ်။









