You can study Basic Chinese Language with audio at MP3 Chinese Lessons. You can download and listen the conversation in mp3 format and they will explain how to pronounce correctly which is very useful for newbies.
I also introduced the same website at Myanmar Engineer Forum. In the forum, I not only introduced about the website but also explained some knowledge about Chinese language. My original post was written in Myanmar.
မန္တလေးနိုင်ငံခြားဘာသာ တက္ကသိုလ်မှာ ခြောက်ခြောက်သွေ့သွေ့ဖြစ်နေလို့ post အသစ်လေးတစ်ခုထပ်ရေးလိုက်ပါတယ်။ MEF မှာ MUFL ကဆိုလို့ ကျနော်တစ်ယောက်ပဲရှိတယ်ထင်တယ်။ ဘာပဲဖြစ်ဖြစ် တစ်ယောက်တည်းလည်း ရေးမှာပဲ။ အခုပြောပြချင်တာကတော့ တရုတ်စာကို လုံးဝ အခြေခံမရှိသူတွေ တရုတ်စကားပြော အတွက် အသင့် download လုပ်ပြီး နားဆင်နိုင်မယ့် website လေးကို ပြောပြပေးပါမယ်။ အဲဒါလေးမပြောခင် တရုတ်စာရဲ့အသံထွက်ပုံ လေးအကြောင်းနည်းနည်း ပြောပြချင်ပါတယ်။
ကျနော်တို့ တရုတ်စာမှာ အဓိကကျတာကတော့ အသံထွက်မှန်ကန်ဖို့ပဲ ဖြစ်ပါတယ်။ ကျနော် ဒါလေးကို ဘာလို့ပြောချင်တာလဲဆိုတော့ တရုတ်စကားမှာ အသံထွက် tone လေးတစ်ခုလွဲတာနဲ့ ဆိုလိုရင်းပါ လွဲသွားနိုင်လို့ပါ။ ကျနော်တို့ မြန်မာဘာသာစကားနဲ့ ယှဉ်ကြည့်မယ်ဆိုရင် မြန်မာဘာသာစကားမှာ အသံအနိမ့်အမြင့် tone ၃ ခုရှိတာတွေ့ရပါတယ်။ ဥပမာဆိုရင် အ အာ အား။ မ မာ မား။ ဆိုပြီး ကျနော်တို့ ငယ်စဉ်အခါက သင်ယူခဲ့ရပါတယ်။ ယခု တရုတ်စာမှာတော့ အသံအနိမ့်အမြင့် tone ၄ ခု အတိအကျ ဆိုရလျှင် tone ၅ ခု ရှိပါတယ်။ အဲဒီအသံ tone အခေါ်အဝေါ်လေးတွေကို မြန်မာလို ပြန်ပေးရမယ်ဆိုရင် သံပြင် (တစ်ပြေးညီအသံ) သံမော် (အသံကိုအနည်းငယ်မြှင့်ပြောသည်) သံဟိုက် (အသံ ကိုနိမ့်ရာမှမြင့်ရသို့ လုပ်ပြီး အသံထွက်သည်) သံလျှော့ (အလွယ်တကူပြောရရင် အောက်ကမြင် ထည့်ပြီးဆိုရတဲ့အသံဖြစ်သည်) သံဖော့ (အသံကိုဖော့ဆိုသည်) ဆိုပြီးရှိပါတယ်။ တရုတ်အသံထွက်ကို ဥပမာပေးရရင် အ အာ အာ (အသံထွက်သည် v ပုံအတိုင်း အသံကိုကျရာကနေတက်သွားရမည်) အာ့ အ ဆိုပြီး “အ” တစ်လုံးတည်းကို အသံ ၅ သံ ထွက်လို့ရပါတယ်။
အဲဒီအသံ tone ၅ ခုကို မှန်မှန်ကန်ကန်ထွက် နိုင်ဖို့ဆိုရင် ကိုယ့်ကိုလမ်းညွှန်သင်ကြားပေးမယ့် ဆရာတစ်ဦးကတော့လိုအပ်ပါတယ်။ ကျနော်တို့ အဓိကက အသံထွက်လေးကို ထွက်တတ်ဖို့ပဲ။ အဲဒီအခြေခံလေးရသွားရင် ဖျင်းရင်း (အင်္ဂလိပ်လိုတရုတ်အသံထွက်တွေကို ရေးထားတဲ့) bo, po, mo, fo,… (ပေါ်၊ ဖော၊ မော၊ ဖော (f)…) ကိုလေ့ကျင့်ရပါမယ်။ အဲဒါတွေရပြီ ဆိုရင်တော့ အဲဒီ ဖျင်းရင်း နဲ့ရေးထားတဲ့ စကားပြောစာအုပ်လေးတွေကို ဖတ်ပြီးကိုယ့်ဟာကိုယ်လေ့လာ နိုင်ပါပြီ။ သိထားသင့်တာတစ်ခုက ကျနော်တို့ အခု တရုတ် official language က Mandarin (မန်ဒရင်) ဘာသာစကားဖြစ်ပါတယ်။ သူ့အသံက ဒေသိယအသံတွေနဲ့ ကွဲလွဲမှုရှိတယ်။ မြင်သာအောင် ပြောရမယ်ဆိုရင် အားလုံးရုပ်ရှင်ထဲမှာ ကြားဖူးနေကြဖြစ်မယ့် စကားလုံးလေးနဲ့ ဥပမာပေးပါ့မယ်။ မြန်မာလို ဆရာ လို့အဓိပ္ဗာယ်သက်ေ၇ာက်တဲ့ တရုတ်အခေါ် လောင်စွတ် ဆိုတာပါ။ မန်ဒရင် ဘာသာစကားနဲ့ပြောမယ်ဆိုရင် အဲဒါကို လောင်ရွှတ် လို့ထွက်မှ မှန်ပါတယ်။ (မြန်မာလိုပေါင်းထားခြင်းဖြစ်သည့်အတွက် အသံထွက်အမှန်ကန်ဆုံးမဖြစ်ပါ။) အဲဒါအပြင် ကျောင်းသား (တရုတ်လို ရွှယ်စိမ်း)၊ မန်ဒရင်စကားနဲ့အသံထွက်မယ်ဆိုရင် ရွှယ်ရွှန်း လို့ထွက်ရတာ စသဖြင့်ပေါ့။ အများကြီးရှိပါတယ်။ ဒါက ကျနော်လွယ်ကူတဲ့ ဥပမာကို ယူပြတာပါ။ နောက်ထပ် အများကြီးရှိပါတယ်။
နောက်တစ်ခုက အရေးအသားပိုင်းမှာ တရုတ်စာကို လက်ရေးရှည် လက်ရေးတို ဆိုပြီး နှစ်မျိုးနှစ်စား ခွဲခြားထားပါတယ်။ မန်ဒရင်ဘာသာစကားက လက်ရေးတိုကို သုံးပါတယ်။ ခုဆိုရင် ထိုင်ဝမ်ကျွန်းစု လေးမှာသာ လက်ရေးရှည်ကို သုံးစွဲပါတော့တယ်။ တော်တော်များများ လက်ရေးတို ကိုပဲပြောင်းလဲသုံးနေကြပါပြီ။ လက်ရေးတိုနဲ့ လက်ရေးရှည်မှာ ကိုယ်စီစိတ်ဝင်စားစရာကောင်းတဲ့ အချက်လေးတွေရှိပါတယ်။ လက်ရေးရှည်မှာ စာလုံးတိုင်းလိုလိုမှာ သူ့အဓိပ္ဗာယ်နဲ့သူရှိပါတယ်။ လက်ရေးတိုမှာကတော့ အဲလောက်ထိလေးနက်မှု မရှိပါဘူး။ ဒါပေမယ့် သူ့ရဲ့အားသာချက်ကတော့ စာလုံးက စုတ်ချက် တွေအများကြီးဆွဲစရာမလိုတော့ဘူးပေါ့။ ကြားဖူးတာလေး တောင်ရှိသေးတယ်။ ထိုင်ဝမ်က လူတွေက လက်ရေးတိုရေးတဲ့သူတွေကိုပြောတယ်။ မင်းတို့မှာ အချစ် ဆိုတာ မရှိဘူးတဲ့။ အဲဒီတော့ လက်ရေးတိုရေးတဲ့သူတွေက ပြောတာပေါ့ ဘာလို့မင်းတို့က အဲလိုပြောနိုင်သလဲဆိုတော့ လက်ရေးရှည်ရေးတဲ့ ထိုင်ဝမ်ကလူတွေက ဒီမှာလေ မင်းတို့ရေးတဲ့ အချစ် ဆိုတဲ့ စကားလုံးနဲ့ ငါတို့ရေးတဲ့ အချစ်ဆိုတာ မှာကွဲပြားမှုရှိလို့ပေါ့တဲ့။ မှန်ပါတယ်။ လက်ရေးရှည် မှာ တရုတ်လို အိုက် “အချစ်” ဆိုတဲ့ စကားလုံးမှာ စိတ်ထားကိုဖော်ဆောင်တဲ့ စာလုံးလေးပူးတွဲပါနေပါတယ်။ လက်ရေးတိုမှာကတော့ အဲဒါကို ဖြုတ်လိုက်တယ်လေ။ လက်ရေးရှည် 愛, လက်ရေးတို 爱 ခုရေးထားတဲ့ ချစ်ခြင်းဆိုတဲ့ စာလုံးလေးနှစ်လုံးထဲက ကွဲပြားချက်ပေါ့။ အဲဒီလက်ရေးတိုမှာ မပါတဲ့ 心 ဆိုတဲ့စာလုံးလေးက စိတ်၊ နှလုံးသား ကိုဖော်ဆောင်ပါတယ်။ ချစ်တာက စိတ်ထဲကကော နှလုံးသားထဲကကောပေါ့။ လက်ရေးတိုကတော့ မပါခဲ့ဘူးလေ။ ဒါက ကွဲပြားချက်လေး ပြောပြချင်လို့ပါ။ စကားဖြတ်တော့မယ်နော်။ ပြောမယ့်ဟာက Website link ပြောပြမှာ ခုဟာက ပြောရင်း ပြောရင်း နဲ့တပ်ထားတဲ့ခေါင်းစဉ်နဲ့လွဲကုန်တော့မယ်။
ကဲ…ကဲ ခုဟာက ခုနက ကျနော်အပေါ်ကပြောတာတွေလို ဆရာနဲ့အချိန်ပေးပြီး သင်ဖို့အချိန်မပေးနိုင်ရင်လည်း အခြားနည်းလမ်းလေးပေါ့။ သူကတော့ ပေါ၊ဖော၊မော၊ဖော လဲ မလိုဘူး။ အဓိကက သင်ပြီး ထွက်တဲ့အသံကို သေချာလိုက်မှတ်ပြီး သူ့အသံအတိုင်း လိုက်ထွက်နိုင်ရင် ရပါပြီ။ အသံထွက်က Mandarin အသံထွက်အမှန်ပါဘဲ။ စာလုံး သို့ စာကြောင်း ရဲ့အဓိပ္ပာယ်တွေကိုလည်း အင်္ဂလိပ်လို ပြန်ရှင်းပြပေးပါတယ်။ mp3 အနေနဲ့ download ရယူပြီး အားလပ်တဲ့အချိန်လေးတွေမှာ လေ့လာလို့အဆင်ပြေပါတယ်။ အောက်ကလင့်မှာ ၀င်ရောက်လေ့လာနိုင်ပါတယ် ခင်ဗျာ။
http://www.clearchinese.com/mp3-lessons/newbie/index.htm
နောက်ကြော်ငြာလေးဝင်လိုက်အုံးမယ်နော်။ တရုတ်စာလေ့လာရာမှာ ဒေါ်ဝါ၀ါ ရဲ တရုတ် မြန်မာ စကားပြော (simplified Chinese) ရယ် ဒေါ်နီလာတင်ရဲ့ စာအုပ်တွေက တော်တော် အထောက်အကူပြုပါတယ်။ သူက ပေါ၊ဖော၊မော၊ဖောနဲ့ ကော မြန်မာလိုအနီးစပ်ဆုံး အသံထွက်ကိုပါဖော်ပြပေးထားပါတယ်။ ဒါ့အပြင် ကျနော်အပေါ်မှာ ရှင်းပြခဲ့တဲ့ ဗဟုသုတလေးတွေကို စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်က ကျနော့် blog မှာလဲ ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။
http://yanpyae.wordpress.com/category/chinese/




